“ အ ရှက် ဖြေ လင်္ကာ ”

>> Tuesday, November 25, 2008

ခြောက်တီးခြောက်ချက် စားကျက်မြေဟာ
ဖုန်းဆိုးငွေ့တသင်းသင်းနဲ့
သွေးညှီနံ့တွေမရှင်းသေးဘူးအမေ…

ကျွန်တော့်သူငယ်ချင်းတွေလည်းလေ…
နံရံနောက်မှာ ခွေလို့ ခေါက်လို့
ကျွန်တော့်သူငယ်ချင်းတွေလေ…
မ၀ရေစာ ညစာကြမ်းကြမ်းတွေနဲ့
ကျွန်တော့်သူငယ်ချင်းတွေ
ကျွန်တော်တို့ကိုလွမ်းနေတော့မှာပဲအမေ
အမေကကျွန်တော့ကိုလွမ်းသလို
သူတို့လည်းကျွန်တော့်ကို လွမ်းနေကြတော့မှာပဲအမေ
ကျွန်တော်တို့ကိုယုံကြည်တာလေးတခုနဲ့
သူတို့ဘ၀ကို စိတ်ချလက်ချအပ်ထားခဲ့တဲ့သူတွေ
အိပ်ကပ်အစုတ်ထဲက အိပ်မက်အရုပ်လေးကို
တယုတယ ထုတ်ထုတ်ကြည့်လို့
အလွမ်းပေါ်အလွမ်းဆင့် အလွမ်းနင့်နေကြမှာပဲအမေ

သံခြေချင်းတန်းလန်းကြီးနဲ့တောင်
နိုင်ငံကြီးကောင်းစားတာမြင်ချင်သေးသတဲ့
လူပီသလိုက်ကြပုံများ တပြားသားမှစိတ်ကိုမလျော့ဘူးအမေ
သူငယ်ချင်းတွေလေ ကျွန်တော့်သူငယ်ချင်းတွေပေါ့
ဒီကောင်တွေကို ဒီထောင်တွေထဲ
ကျွန်တော်ဘယ်အချိန်ထိ နေခွင့်ပြုရဦးမလဲအမေ

နရသိန်တံခါးကို ရိုက်ချိုးမဖွင့်နိုင်သေးသရွေ့
လက်ဖ၀ါးတွေလည်း လူမြင်မခံဝံ့ဘူးလေ
စိတ်အနာ အစာမကြေသမျှ
(ခဏလေးဖြစ်ဖြစ်ပေါ့)
ကျွန်တော့်ပါးနှစ်ဖက်ကိုပဲကျွန်တော်
အားရပါးရ ပြန်ရိုက်လိုက်ပါရစေဦးအမေ
အရှက်လေးများပြေလိုပြေငြား…


မတရားအမိန့်များဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သူငယ်ချင်းများအတွက်ရေးဖွဲ့သည်။

မိုဃ်းသွေး
Generation Wave

Read more...

၈၈ ကျောင်းသား တဦး ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ

>> Friday, September 19, 2008

ချင်းမိုင်။ ။ အာဏာပိုင်များ အင်းစိန်ထောင်တွင် ဖမ်းဆီး ထိမ်းသိမ်းထားသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုလူတင်ဝင်းအား ယနေ့ ရန်ကုန်တိုင်း ကျောက်တံတား တရားရုံးမှ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း သန်လျင်မြို့နေထိုင်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုလူတင်ဝင်းအား တရားလိုဖြစ်သည့် ကျောက်တံတားရဲစခန်း ရဲအုပ် စိုးနိုင်မှ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ်နှင့် လူစုလူဝေးဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၄၅၊ ၁၄၇ တို့ဖြင့် ထောင်ဒဏ် ၂-နှစ်၊ စုစုပေါင်း ၄ နှစ် ချမှတ်ခဲ့သည်။

“ဒီနေ့ အမိန့်ချလိုက်တယ်။ ၂ နှစ်စီ ချလိုက်တယ်။ ၅၀၅(ခ) နဲ့က ၂ နှစ်၊ ၂၄၅ နဲ့ ၁၄၇ က ၂ နှစ်ပါ၊ စုစုပေါင်း ၄ နှစ်ပါ။ သူက မနှစ်ကဘဲ ထွက်လာရတာ။ အပြင်မှာ နေတာ သိပ်မကြာသေးဘူး၊ ခုပြန်ချခံရပြီလေ” ဟု ဗဟိုတရားရုံး ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့ တွင် ဆူးလေမီးပွိုင့်အနီး လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေ စစ်ဆေးနေချိန်တွင် ကိုလူတင်ဝင်း၏ ခါးကြားထိုးထားသည့် “၈၈ သဘောထား” အမည်ရှိ စာအုပ်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

“ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို လိုက်ရှာဖွေ စစ်ဆေးနေတဲ့အချိန်မှာ လူတင်ဝင်းရဲ့ ခါးကြားက “၈၈ သဘောထား” စာအုပ် တွေ့သွားတယ်။ သူက အဲဒီနေ့ စာအုပ်တိုက်ကိုအသွား လုံခြုံရေးတပ်က ဖမ်းလိုက်တာဘဲ” ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ဆက်ပြောသည်။

ကိုလူတင်ဝင်းသည် ၁၉၉၉-ခုနှစ်တွင် နိုင်ငံရေး အမှုဖြင့် ပဲခူးတိုင်း သာယာဝတီထောင်တွင် ၉ နှစ်ကြာ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ဝဝ၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

အလားတူ ပြီးခဲ့သည့် စက်တင်လာလ ၁၅ ရက်နေ့ကလည်း အာဏာပိုင်များက ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ မြန်မာနိုင်ငံအတွင်း စစ်တပ်မှ ကလေးစစ်သား အသုံးပြုနေမှုနှင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ တိုင်ကြားရန် ကြိုးစားခဲ့သည့် စားခဲ့သူ စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးသက်ဝေအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

Read more...

မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။

တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။ "ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။ အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာ တင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။ လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။ လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။ လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။

Read more...

မြန်မာကို တင်ပို့သည့် တရုတ်လုပ် စော်ခန်းနှင့် ရာစီလီ နို့မှုန့်၊ ကလေးတွေ သေစေနိုင်

DPA/ ၁၈ စက်တင်ဘာ ၂၀၀၈။ ။

နို့ထွက်ပစ္စည်းများတွင် ဘေးအန္တရာယ်ဖြစ်စေတတ်သော ဓာတုဗေဒစ္စည်းများအသုံးပြုကြောင်း စစ်ဆေးတွေ့ရှိထားသည့် တရုတ်ကုမ္ပဏီ (၂) ခုသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အပါအ၀င် နိုင်ငံ (၅) နိုင်ငံသို့ ကလေးနို့မှုန့်များ တင်ပို့ကြောင်း တရုတ်အစိုးရက ယမန်နေ့က ပြောကြားသည်။

တရုတ်ကုမ္ပဏီ (၂) ခုဖြစ်သည့် စော်ခန်း (Suokang) နှင့် ရာစီလီ (Yashili) တို့သည် ယီမင်၊ ဘူရန်ဒီနှင့် ဂါဘွန်နိုင်ငံတို့မှ ၎င်းတို့တင်ပို့ထားသည့် နို့မှုန့်များကို စတင်၍ ပြန်လည်သိမ်းယူနေ ပြီဖြစ်သည်ဟု တရုတ်နိုင်ငံ အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရေးဌာန (AQSIQ ) အကြီးအကဲ လီချန်ကျန်းက ပြောသည်။

နိုင်ငံခြားသို့ တင်ပို့သည့် ရာစီလီနို့မှုန့် နမူနာကို ကျွမ်းကျင်သူများက စစ်ဆေးရာတွင် မယ်လမင်း ဓာတ်မတွေ့ရှိရဟု အစောပိုင်း သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြသည်။ စော်ခန်းကုမ္ပဏီ သည် တရုတ်နိုင်ငံ အရှေ့ဖျားရှိ ချင်းတောင်းမြို့တွင် အခြေစိုက်ပြီး ရာစီလီကုမ္ပဏီသည် တောင်ပိုင်း ကွမ်တုံပြည်နယ်၌ တည်ရှိသည်။

ယင်းကုမ္ပဏီ (၂) ခုသည် နို့မှုန့်ထုတ်လုပ်ရာတွင် ဘေးအန္တရာယ်ဖြစ်စေသည့် မယ်လမင်းဓာတ် များ အသုံးပြုကြောင်း တရုတ်အစိုးရက ရှာဖွေစစ်ဆေးတွေ့ရှိထားသည့် ကုမ္ပဏီ (၂၂) ခုတွင် ပါဝင်သည်။

မယ်လမင်း ပါဝင်သည့် နို့မှုန့်ကြောင့် ကလေး (၃) ဦး သေဆုံးပြီး (၁၅၈) ဦး ကျောက်ကပ်တွင် စိုးရိမ်ဖွယ်ရာပြဿနာဖြစ်ပွားနေကာ အရွယ်မရောက်သေးသည့် ကလေးငယ်ပေါင်း (၆, ၂၄၄) ဦးတို့ နာမကျန်းဖြစ်နေသည်ဟု တရုတ်ကျန်းမာရေးဌာန တာဝန်ရှိသူတို့က ယမန်နေ့က ပြာကြားသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘီပြည်နယ်ရှိ လူ (၄) ဦးတို့ကို မယ်လမင်းအဆိပ် အတောက် ဖြစ်စေမှုနှင့် ဆက်စပ်၍ ရဲက တရားစွဲထားပြီး (၂၂) ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တရုတ် အစိုးရပိုင် မီဒီယာများတွင် ဖော်ပြသည်။





Read more...

ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေး စစ်ဆေး

ယမန်နေ့မှစ၍ ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေးဂိတ်များချပြီး စစ်ဆေးရေးပြုလုပ်နေသည့်ပြင် ရန်ကုန်မြို့ အထင်ကရ လမ်းမကြီးများပေါ်တွင် လုံခြုံရေးအဖွဲ့များ လူအုပ်နှိမ်နင်းရေး လေ့ကျင့်မှုများ လုပ်နေသည်။

Summary

Rest of your post

ရန်ကုန်မြို့ခံတဦးက “ညက ကျနော် အောင်မင်္ဂလာ အဝေးပြေးဂိတ်ကနေ မြို့ထဲ ပြန်လာတယ်။ လမ်းမှာ မင်္ဂလာဒုံ ခရေပင်လမ်းဆုံ၊ (၈) မိုင်လမ်းဆုံ၊ ပြည်လမ်း (၆) မိုင်ခွဲ အိုင်ဘီစီ ရှေ့၊ လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီ အဝိုင်းထိပ်၊ ဗိုလ်ချုပ်လမ်း မီးရထားဟိုတယ်ရှေ့၊ ပုဇွန်တောင်ရဲစခန်းရှေ့ စတဲ့ (၇) နေရာမှာ ကားကို အကြိမ်ကြိမ် ရပ်ပြီး စစ်ဆေးတာ ခံရတယ်။ ဂိတ်တွေမှာ စစ်ဆေးတဲ့ ပုံစံက သံဆူးကြိုးတွေ ချထားတယ်။ အဲဒီမှာ ကားတစီးပြီးမှတစီး ဖြတ်ရတယ်။ ကားကို တံခါးဖွင့်ပြီး စစ်ဆေးတယ်။ ကားပေါ်ပါလာတဲ့ လူတွေကို မသင်္ကာရင်လည်း စစ်ဆေးတယ်။ လက်နှိပ်ဓာတ်မီးတွေနဲ့လည်း ထိုးတယ်။ ထူးခြားတာက စစ်ဆေးတဲ့ တချို့နေရာတွေမှာ လူပေါင်း (၃ဝ-၄ဝ) လောက် တောင် ရှိတယ်။ ရဲတွေ၊ အရန်မီးသတ်တွေ၊ ကြက်ခြေနီတွေနဲ့ ဘာမှန်းမသိရတဲ့ အရပ်ဝတ်တွေ အများကြီးကို စစ်ဆေးတဲ့နေရာတွေမှာ မြင်ရတယ်။ ဒီလို စစ်ဆေးတော့ လမ်းတွေ ပိတ်ကုန်ပြီး ကားတန်းတွေ အရှည်ကြီး ဖြစ်ကုန်တယ်” ဟု ပြောသည်။

အခြားမြို့ခံ ကုန်သည်တဦးကမူ အထက်ပါ နေရာများတွင်သာမက အခြား ရန်ကုန်မြို့ အနှံ့အပြားတွင် ယခုကဲ့သို့ ဂိတ်များဖွင့်ပြီး တပြိုင်နက်တည်း စစ်ဆေးနေသည်ကို တွေ့ရကြောင်း ပြောသည်။

ထို့အပြင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များသည် အခါအားလျော်စွာ လမ်းကိုပိတ်ဆို့ပြီး အဓိကရုဏ်း နှိမ်နင်းရေး လေ့ကျင့်ခန်းများလည်း လုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စက်တင်ဘာ (၁၆) ရက်ည (၉) နာရီကျော် ဗိုလ်ချုပ်လမ်းနှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်တွင် လုံခြုံရေး တပ်ဖွဲ့များ လေ့ကျင့်နေသည်ကို မြင်တွေ့ခဲ့သူ တဦးက အဆိုပါ လေ့ကျင့်မှုတွင် ဒိုင်နာကားအရွယ် တရုတ်ပြည်လုပ် ရဲကား (၁ဝ) စီးကျော်၊ ဝိုင်ယာလက်မီးပါ နှစ်ခန်းတွဲ ရဲကား (၆) စီး၊ ဒိုင်နာကား (၅) စီးခန့် ပါဝင်ကြောင်း၊ ခန့်မှန်းခြေ ရဲတပ်ဖွဲ့ဝင် (၁ဝဝ) ခန့်နှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်ဟု ယူဆရသည့် အရပ်ဝတ် (၅ဝ-၆ဝ) ခန့် ပါဝင်ကြောင်း၊ လမ်းကိုပိတ်ပြီး လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ အုပ်စုလိုက် လူစုကို ဝိုင်းဝန်းဖမ်းဆီးခြင်း၊ လမ်းပေါ်တွင် မှောက်ခိုင်းထားခြင်း၊ တိုက်ခန်းပေါ် ပြေးတက်သူများကို လိုက်ဖမ်းခြင်း စသည်တို့ကို ငြာသံပေးပြီးလုပ်နေသည်ကို တွေ့ရကြောင်း ပြောသည်။

ယခုကဲ့သို့ ကားလမ်းပိတ်ပြီး လေ့ကျင့်နေသည်ကို နေ့ဘက်တွင်လည်း တွေ့မြင်ရကြောင်း ဦးဝိစာရလမ်းဘက်တွင် မြင်တွေ့ခဲ့ရသည့် တက္ကစီသမားတယောက်ကလည်း ပြောသည်။

သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့လှည့်လည်မှုကို နအဖစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာ (၂၆) တွင် သွေးမြေကျအောင် ပစ်ခတ်၊ ရိုက်နှက် နှိမ်နင်းခဲ့ပြီးသည့်နောက် ယခု ယင်းရက်မတိုင်မီ ရန်ကုန်မြို့တွင် အင်အားအလွန် အကျွံသုံးပြီး လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

Read more...

ပြည်ပ မြန်မာသတင်းဌာနများ၏ ဝဘ်ဆိုဒ်များ တိုက်ခိုက်ခံနေရ

>> Wednesday, September 17, 2008

ပြည်ပ မြန်မာသတင်းဌာနများ၏ ဝဘ်ဆိုဒ်များ တိုက်ခိုက်ခံနေရ Print E-mail
ဇာနည်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 19:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ပြည်ပတွင် အခြေစိုက်သော မြန်မာသတင်းဌာနများ ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၊ ဧရာဝတီ၊ ခေတ်ပြိုင် တို့၏ အင်တာနက် ၀ဘ်ဆိုဒ်များ တပြိုင်နက်ဆိုသလို DDOS attack ဖြင့် တိုက်ခိုက်ခြင်း ခံနေရသည်။

အဆိုပါ သတင်းဌာနများ၏ အင်တာနက် ၀ဘ်ဆိုဒ်များမှာ ယနေ့ နေ့လည်ပိုင်းမှ စတင်ကာ ကြည့်ရှုမရ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

"ကျနော်တို့ ဆိုဒ် (www.dvb.no) က အတိုက်ခိုက်ခံရတယ် ဆိုတာ သေချာပါတယ်။ ဒီနေ့ နေ့လည် ၁၁ နာရီလောက်က စပြီး ဖြစ်တာပါ" ဟု DVB ထိုင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က မဇ္ဈိမကို ပြောသည်။

အလားတူ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာန ၀ဘ်ဆိုဒ်လည်း တိုက်ခိုက်ခြင်းခံရကြောင်း သိရသည်။

"ကျနော်တို့ ဆိုဒ် (www.irrawaddy.org) က မနေ့ကတည်းက ဖြစ်နေတာ ဒါပေမယ့် ဒီနေ့မှ တိုက်ခိုက်ခံရတယ် ဆိုတာ နည်းပညာပိုင်းက သေချာ သိလိုက်ရတယ်" ဟု ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ သတင်းဌာနတခု ဖြစ်သော ခေတ်ပြိုင် သတင်း ဂျာနယ် ၀ဘ်ဆိုဒ် (www.khitpyaing.org) လည်း ယနေ့ နံနက်ကတည်းက ကြည့်ရှုမရ ဖြစ်နေပြီး တိုက်ခိုက်ခြင်းခံရခြင်း ဖြစ်သည်ဟု သိရသည်။

ယခု DVB ၀ဘ်ဆိုဒ် အတိုက်ခိုက်ခံရခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ပြီး မဇ္ဈိမ ၀ဘ်ဆိုဒ် မှာလည်း အလားတူ တိုက်ခိုက်ခြင်းမျိုးကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ကြုံခဲ့ရသေးသည်။ ယခုကဲ့သို့ ပြည်ပသတင်းဌာန ဝဘ်ဆိုဒ်များ ကြည့်ရှုမရမှု ဖြစ်နေသောကြောင့် မဇ္ဈိမ ဝဘ်မာစတာကလည်း မဇ္ဈိမ ဝဘ်ဆိုဒ်များကို အနီးကပ် စစ်ဆေးစောင့်ကြည့်နေကြောင်း သိရသည်။

တိုက်ခိုက်ခံရမှု အတိုင်းအတာ မည်မျှအထိ ရှိသည်၊ မည်သည့်အချိန်တွင် ပြန်လည် ကြည့်ရှုရနိုင်မည်ကို အတိအကျ မသိရနိုင်သေးဟု နော်ဝေနိုင်ငံ အော်စလိုမြို့မှ DVB မှ ၀ဘ်ဆိုဒ် နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

အဆိုပါ (Distributed Denial of Services – DDoS) တိုက်ခိုက်မှုမှာ သတင်း အချက်အလက်များကို တပြိုင်တည်း အလွန်အကျွံ စုပြုံ၍ ပေးပို့လိုက်ပြီး ဝဘ်ဆိုဒ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သွားစေကာ အချက်အလက်များကို ပြန်လည် မပေးပို့နိုင်ပဲ ရပ်ဆိုင်းသွားစေခြင်း ဖြစ်သည်။

ဤတိုက်ခိုက်နည်း၏ အဓိက ရည်ရွယ်ချက်မှာ ဝဘ်ဆိုဒ်ကို ကြည့်ရှု၍မရအောင် ပြုလုပ်ရန် ဖြစ်သည်။

"အခုလို လုပ်တာက ဘယ်အဖွဲ့အစည်းရယ်လို့တော့ အတိအကျ မပြောနိုင်ပေမယ့် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာပါပဲ" ဟု ဦးတိုးဇော်လတ်က ပြောသည်။


Summary

Rest of your post

Read more...

မေးခွန်း

မေးခွန်း

Tuesday, August 12th, 2008

ဘာကိုမှအစိုးမရတဲ့လောကကြီးမှာ

ဘာကိုများ အစိုးရချင်ခဲ့ကြပါသလဲ

ပျားစွဲလို့ရပေမယ့်

ရှဥ့်မလျှောက်သာအောင် ထွင်းထားတဲ့သစ်ကိုင်း

ကျုပ်တို့တွေ အဆိုးရသလို

ခင်ဗျားတို့လည်း နာမည်အဆိုးတွေပဲရခဲ့တယ်

အခု.... ကြုံနေရတဲ့အဆန်းတကြယ်

မီးထဲကိုတိုးဝင်နေပေမယ့်

အပူမဟပ်သေးတဲ့ အစိမ်းရောင်ပိုးဖလံများ

အနိစ္စတရားကို ဘယ်အချိန်ထိ

မျက်နှာလွှဲနေနိုင်မလဲ

အစကတည်းကမရိုးခဲ့သော

နိုင်လိုမင်းထက်ကျင့်ကြံမှုကို

ဘယ်အချိန်ထိများ အစိုးရချင်နေကြပါသလဲ

မြို့ပြရဲ့ညှီဟောက်သွားသောရနံ့ဆိုးမှာ

မိုးဖြူစဲမယ့် မိုးမည်းတွေရွာခဲ့တယ်

မခံချင်စိတ်နဲ့ အံကြိတ်တဲ့မျက်နှာတွေ.......

ကျီးလန့်စာစား မျက်နှာအမှားအယွင်းတွေ.........

ပတ်ကြားအက်သွားတဲ့

မြို့တော်ရဲ့ နေ့လည်ခင်းဆက်တင်ဟာ

အရုဏ်ဦးအလင်းပျိုမြစ်မှုနဲ့တော့ ဘာသာလ၀ါပဲ

အားလုံးရဲ့အတွေးမှာ....

ငြိမ်းအေးမှု...ရှင်သန်မှုနဲ့... ဘာကိုမျှော်လင့်ရမလဲဆိုတာတွေချည်း............

လတိုင်းလတိုင်း နှစ်ပတ်လည်တွေအပြည့်

ထပ်တိုးအောင်လည်း ဖန်တီးသူများ

ရက်တိုင်းရက်တိုင်း ငါတို့ကြောက်သလို

သစ်ကိုင်းလွတ်မှာ ကြောက်နေကြရင်

လမ်းပေါ်ထားတဲ့ သင်တို့ခွေးများ

မိုးတောထဲမှာ ထားမဲ့အစား

အိမ်လေးတစ်လုံးလောက်

ဆောက်ပေးထားပါလား။ ။



အော်သံဝါ

Read more...

မြတ်နိုးခြင်း၊ တွယ်တာခြင်း၊ ရိုသေခြင်းနှင့် ရာဇဝင်များရဲ့ သတို့သမီး

မြတ်နိုးခြင်း၊ တွယ်တာခြင်း၊ ရိုသေခြင်းနှင့် ရာဇဝင်များရဲ့ သတို့သမီး



ရာဇဝင်တွေကသာ

တစ်ဖြည်းဖြည်း မှုံဝါးသွားတယ်

ငါ့ရဲ့ ချစ်လှစွာသော သတို့သမီးကတော့

ဘယ်တော့မှ မဆုံးတဲ့ခရီးကို နှင်နေဆဲ...။



တိမ်ဝှက်ပန်းရဲ့ အိမ်မက်တွေကို

တတိတိခြွေချပြီးမှ ရှင်သန်သူ

သူဟာ... ရာဇဝင်များရဲ့ သတို့သမီးပါပဲ...။



အမြဲတမ်း အေးမြခြင်းနဲ့

ဥပေကွ့ာတရားကို ဖော်ကြူးသူ

သူဟာ... ရာဇဝင်များရဲ့ သတို့သမီးပါပဲ...။



ဂနွ့ဝင်မြောက်တဲ့ အလှတရား

ချစ်တတ်သူတို့ရဲ့ မြတ်နိုးရာ

သူဟာ... ရာဇဝင်များရဲ့ သတို့သမီးပါပဲ...။



အနမ်း အထပ်ထပ်

ပန်း အထပ်ထပ်

အလွမ်း အထပ်ထပ်...

နှောက်ယှက်မယ့်သူ မရှိဘူး

သတို့သမီးဟာ သူ့ရင်ခွင်ကို

အားလုံးအတွက် ဖွင့်လှစ်ထားခဲ့ပါတယ်...

သတို့သမီးဟာ စီးမျောခြင်းနဲ့

ဒဏ်ရာတွေကို သက်သာစေခဲ့ပါတယ်...။



ရာဇဝင်များနဲ့ သတို့သမီးက

တခါတရံ ဒေါသကြီးသူ ဖြစ်တယ်...

စိတ်မထင်ရင် မထင်သလို လှိုင်းထသူ...။



သူမဟာ... ငိုကြွေးခြင်းမှာ နိုးကြားတတ်တယ်...။



သူမဟာ... ရင်ခုန်သံတွေကို ဖော်ကြူးနိုင်သူဖြစ်တယ်...။



သူမဟာ... လှည့်ပတ်တတ်ပေမယ့် မလိမ်တတ်တဲ့

တစ်ဦးတည်းသော သတို့သမီး ဖြစ်တယ်...။



သူမဟာ... အဆိုးတွေကို အကောင်းနဲ့ဖုံးနိုင်သူ ဖြစ်တယ်...။



သူမဟာ... ကျွန်တော်တို့ကို ချစ်တယ်...

ကျွန်တော်တို့ကလည်း သူမကို ချစ်တယ်...။



ဒါလောက်နဲ့တော့

ရာဇဝင်များနဲ့ သတို့သမီးကို မဖွဲ့ဆိုနိုင်တာ အမှန်...။



ဒီကဗျာရဲ့ အချပိုဒ်မှာ

သက်ပြင်းချသံတစ်ခု သေဆုံးတယ်...

သာမာန်နားနဲ့ မကြားနိုင်တဲ့ တေးသီချင်းတွေ ဆိုတယ်...

သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အဖွဲ့အနွဲ့တွေ ပါတယ်...။



ဒါဟာ ရာဇဝင်များရဲ့ သတို့သမီး.....။


ဓလေ့

Read more...

ဒေါ်အောင်ဆန်းစုကြည် အစားအစာ ပြန်လည်လက်ခံပြီ

ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008 12:54 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တလနီးပါး အစားအသောက်များ လက်မခံ ငြင်းပယ်ခဲ့သည့် ထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့ နံနက်ပိုင်းက ဈေးခြင်း ၂ ခြင်းကို ပြန်လည် လက်ခံလိုက်ပြီဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့က ထုတ်ဖေါ် ပြောဆိုသွားပါသည်။



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ဈေးခြင်း ၂ ခြင်းကို ပါတီခေါင်းဆောင် နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ တနင်္လာနေ့ ညနှင့် အင်္ဂါနေ့ နံနက်ပိုင်းတို့က သွားရောက် ပေးပို့နိုင်ခဲ့သည်ဟု (NLD) ပြောခွင့်ရ ဦးဥာဏ်ဝင်း က ယခုလို ပြောဆိုသွားပါသည်။

“မနေ့ကနဲ့ ဒီနေ့ မနက်ခင်းက အစားအစာတွေ ပြန်လည် လက်ခံခဲ့ပါတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသွားပြီး၊ အဆိုပါ အစားအစာများကို NLD လူငယ်အဖွဲ့ဝင် ကိုမြင့်စိုးက ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆက်လက် ပြောဆို သွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် သြဂုတ် လလယ်ပိုင်းမှစ၍ တလနီးပါးခန့်မျှ မည်သည့် အစားအသောက် ပေးပို့ခြင်းကို လက်မခံ ငြင်းဆန်နေခဲ့ခြင်းကြောင့် သူမ အစာငတ်ခံ ဆန္ဒပြနေသည်ဟု အကဲခတ်များက ယူဆစရာ ဖြစ်လာခဲ့ပါသည်။

သို့သော် ဦးဥာဏ်ဝင်းကမူ ထိုသို့ အစားအသောက်များ လက်မခံ ငြင်းဆန်နေခဲ့ခြင်းမှာ သူမ၏ တောင်းဆိုချက်များကို အစိုးရက လိုက်လျောလာစေရန် ဆန္ဒပြနေခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောဆိုသွားပါသည်။

ယခုအခါတွင် သူမ မိသားစုထံမှပေးပို့သည့် စာများ လက်ခံခွင့်နှင့် နိုင်ငံခြား မဂ္ဂဇင်းများ ဖတ်ရှုခွင့်တို့ကို အစိုးရက သူမကို ခွင့်ပြုလိုက်ပြီ ဖြစ်သည်ဟု လွန်ခဲ့သောအပတ်က သူမနှင့်တွေ့ဆုံခဲ့သူ နိုဘယ်ဆုရှင်၏ ပုဂ္ဂိုလ်ရေးရှေ့နေ ဦးကြည်ဝင်းက ပြောဆိုသွားပါသည်။ အလားတူပင် စစ်အစိုးရက သူမအား ကူညီစောင့်ရှောက်နေသူ ဒေါ်ခင်ခင်ဝင်းနှင့် သူမ၏သမီး မဝင်းပပ တို့၏ သွားလာလှုပ်ရှားမှုအပေါ် ကန့်သတ်ထားမှုများကိုလည်း လျှော့ချ ပေးလိုက်ပါသည်။

“အစိုးရက သူမရဲ့ တောင်းဆိုချက်တွေကို တစိတ်တပိုင်း လိုက်လျောလိုက်ပြီးတဲ့နောက် အစားအသောက်တွေ ပြန်လည် လက်ခံဘို့ သူမ သဘောတူလိုက်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသွားပါသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆာင်၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တောင်းဆိုချက်များတွင် သူမအပေါ် တားဆီးမိန့် ထုတ်ထားခြင်းအပြင် အခြား ကန့်သတ်ချက်များ အားလုံး ဖယ်ရှားပေးရေး ပါဝင်သည်ဟု ဦးဥာဏ်ဝင်း က ပြောပါသည်။ယခင် ထုတ်ပြန် ကြေငြာချက်တွင်မူ ပါတီခေါင်းဆောင်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သော်လည်း အင်္ဂါနေ့က ထပ်မံ ထုတ်ပြန်သော ကြေငြာချက်တွင်မူ နိုဘယ်ဆုရှင်သည် မည်သည့်အခါကမျှ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်း မရှိကြောင်းဖြင့် ထပ်မံ ရှင်းလင်း ပြောဆိုသွားခဲ့ပါသည်။

အစိုးရထံ တောင်းဆိုထားသော တောင်းဆိုချက်များ ရရှိရေးအတွက် ဆန္ဒပြသည့် အနေနှင့် အစားအသောက်များကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ ငြင်းဆန်နေခဲ့ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ကြေငြာချက်တွင် ရေးသားဖော်ပြထားသည်။

ကြေငြာချက်တွင် ဆက်လက် ဖော်ပြရာတွင် သူမနှင့် သူမကို စောင့်ရှောက်နေသူများသည် အစားအသောက် အကန့်အသတ်နှင့်သာ နေထိုင်ခဲ့ကြရပါသည်။ ဒေါ်ခင်ခင်ဝင်းမှာ ကျန်းမာရေး မကောင်းသည့်အတွက် ဤအနည်းငယ်သာ ရှိသော ရိက္ခာများအနက် အများစုကို သူမအား စားသောက်စေခဲ့သဖြင့် ဒေါ်အောင်ဆန်းစု အနေဖြင့် အားနည်းခြင်း ဖြစ်ပေါ်ခဲ့ရကြောင်း၊ အဆိုပါ ကြေငြာချက်က ဆိုထားပါသည်။

Read more...

C.box

About This Blog

About This Blog

  © Blogger template Sunset by Ourblogtemplates.com 2008

Back to TOP