“ အ ရှက် ဖြေ လင်္ကာ ”

>> Tuesday, November 25, 2008

ခြောက်တီးခြောက်ချက် စားကျက်မြေဟာ
ဖုန်းဆိုးငွေ့တသင်းသင်းနဲ့
သွေးညှီနံ့တွေမရှင်းသေးဘူးအမေ…

ကျွန်တော့်သူငယ်ချင်းတွေလည်းလေ…
နံရံနောက်မှာ ခွေလို့ ခေါက်လို့
ကျွန်တော့်သူငယ်ချင်းတွေလေ…
မ၀ရေစာ ညစာကြမ်းကြမ်းတွေနဲ့
ကျွန်တော့်သူငယ်ချင်းတွေ
ကျွန်တော်တို့ကိုလွမ်းနေတော့မှာပဲအမေ
အမေကကျွန်တော့ကိုလွမ်းသလို
သူတို့လည်းကျွန်တော့်ကို လွမ်းနေကြတော့မှာပဲအမေ
ကျွန်တော်တို့ကိုယုံကြည်တာလေးတခုနဲ့
သူတို့ဘ၀ကို စိတ်ချလက်ချအပ်ထားခဲ့တဲ့သူတွေ
အိပ်ကပ်အစုတ်ထဲက အိပ်မက်အရုပ်လေးကို
တယုတယ ထုတ်ထုတ်ကြည့်လို့
အလွမ်းပေါ်အလွမ်းဆင့် အလွမ်းနင့်နေကြမှာပဲအမေ

သံခြေချင်းတန်းလန်းကြီးနဲ့တောင်
နိုင်ငံကြီးကောင်းစားတာမြင်ချင်သေးသတဲ့
လူပီသလိုက်ကြပုံများ တပြားသားမှစိတ်ကိုမလျော့ဘူးအမေ
သူငယ်ချင်းတွေလေ ကျွန်တော့်သူငယ်ချင်းတွေပေါ့
ဒီကောင်တွေကို ဒီထောင်တွေထဲ
ကျွန်တော်ဘယ်အချိန်ထိ နေခွင့်ပြုရဦးမလဲအမေ

နရသိန်တံခါးကို ရိုက်ချိုးမဖွင့်နိုင်သေးသရွေ့
လက်ဖ၀ါးတွေလည်း လူမြင်မခံဝံ့ဘူးလေ
စိတ်အနာ အစာမကြေသမျှ
(ခဏလေးဖြစ်ဖြစ်ပေါ့)
ကျွန်တော့်ပါးနှစ်ဖက်ကိုပဲကျွန်တော်
အားရပါးရ ပြန်ရိုက်လိုက်ပါရစေဦးအမေ
အရှက်လေးများပြေလိုပြေငြား…


မတရားအမိန့်များဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သူငယ်ချင်းများအတွက်ရေးဖွဲ့သည်။

မိုဃ်းသွေး
Generation Wave

Read more...

၈၈ ကျောင်းသား တဦး ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ

>> Friday, September 19, 2008

ချင်းမိုင်။ ။ အာဏာပိုင်များ အင်းစိန်ထောင်တွင် ဖမ်းဆီး ထိမ်းသိမ်းထားသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုလူတင်ဝင်းအား ယနေ့ ရန်ကုန်တိုင်း ကျောက်တံတား တရားရုံးမှ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း သန်လျင်မြို့နေထိုင်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုလူတင်ဝင်းအား တရားလိုဖြစ်သည့် ကျောက်တံတားရဲစခန်း ရဲအုပ် စိုးနိုင်မှ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ်နှင့် လူစုလူဝေးဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၄၅၊ ၁၄၇ တို့ဖြင့် ထောင်ဒဏ် ၂-နှစ်၊ စုစုပေါင်း ၄ နှစ် ချမှတ်ခဲ့သည်။

“ဒီနေ့ အမိန့်ချလိုက်တယ်။ ၂ နှစ်စီ ချလိုက်တယ်။ ၅၀၅(ခ) နဲ့က ၂ နှစ်၊ ၂၄၅ နဲ့ ၁၄၇ က ၂ နှစ်ပါ၊ စုစုပေါင်း ၄ နှစ်ပါ။ သူက မနှစ်ကဘဲ ထွက်လာရတာ။ အပြင်မှာ နေတာ သိပ်မကြာသေးဘူး၊ ခုပြန်ချခံရပြီလေ” ဟု ဗဟိုတရားရုံး ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့ တွင် ဆူးလေမီးပွိုင့်အနီး လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေ စစ်ဆေးနေချိန်တွင် ကိုလူတင်ဝင်း၏ ခါးကြားထိုးထားသည့် “၈၈ သဘောထား” အမည်ရှိ စာအုပ်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

“ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို လိုက်ရှာဖွေ စစ်ဆေးနေတဲ့အချိန်မှာ လူတင်ဝင်းရဲ့ ခါးကြားက “၈၈ သဘောထား” စာအုပ် တွေ့သွားတယ်။ သူက အဲဒီနေ့ စာအုပ်တိုက်ကိုအသွား လုံခြုံရေးတပ်က ဖမ်းလိုက်တာဘဲ” ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ဆက်ပြောသည်။

ကိုလူတင်ဝင်းသည် ၁၉၉၉-ခုနှစ်တွင် နိုင်ငံရေး အမှုဖြင့် ပဲခူးတိုင်း သာယာဝတီထောင်တွင် ၉ နှစ်ကြာ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ဝဝ၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

အလားတူ ပြီးခဲ့သည့် စက်တင်လာလ ၁၅ ရက်နေ့ကလည်း အာဏာပိုင်များက ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ မြန်မာနိုင်ငံအတွင်း စစ်တပ်မှ ကလေးစစ်သား အသုံးပြုနေမှုနှင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ တိုင်ကြားရန် ကြိုးစားခဲ့သည့် စားခဲ့သူ စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးသက်ဝေအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

Read more...

မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။

တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။ "ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။ အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာ တင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။ လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။ လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။ လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။

Read more...

C.box

About This Blog

About This Blog

  © Blogger template Sunset by Ourblogtemplates.com 2008

Back to TOP